ပြင်ဦးလွင်မြို့ရှိ မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်းသရုပ်ပြ

ပြင်ဦးလွင် ဇန်နဝါရီ ၉

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ဈေးသူ၊ ဈေးသားများ မီးဘေးအန္တရာယ်ကြုံလာပါက လက်တွေ့မီးငြှိမ်းသတ်နိုင်ကြစေရန် ရည်ရွယ်ကာ မြို့မစည်ပင်သာယာဈေးကြီးတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးတင်အောင်လွင်နှင့်အဖွဲ့ဝင်များ ဦးဆောင်မှုဖြင့်စည်ပင်အမှု‌ဆောင် အရာရှိ ဦးကျော်ခိုင်နှင့်ဝန်ထမ်းများ၊  ခရိုင်/မြို့နယ် မီးသတ်ဝန်ထမ်းများ၊  လူမှုရေးအသင်းအဖွဲ့များနှင့်ဈေးသူ၊ ဈေးသားများ စုစု‌ပေါင်းအင်အား (၁၅၀) ဦးတို့ဖြင့်  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ရာတွင် မီးသတ်တပ်ဖွဲ့၀င်များက မီးသတ်မော်တော်ယာဉ်များဖြင့် ရေပတ်ဖြန်းမီးငြှိမ်းသတ် သရုပ်ပြသခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူးမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော၍ မီးငြှိမ်းသတ်ခြင်း၊ လက်တွေ့သရုပ်ပြခြင်းများကို  ခရိုင်မီးသတ်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် သန္ဓေတပ်ဖွဲ့၀င်များ၊  အရန်မီးသတ်တပ်ဖွဲ့၀င်များက သရုပ်ပြဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာသို့ တာဝန်ရှိသူများ တက်ရောက်ကြည့် ရှုခဲ့ကြပြီး မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်ခန်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်သွားနိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့၍ ပြင်ဦးလွင်မြို့ပေါ်ရှိ ‌ဈေးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက်အရ သိရသည်။ 

ခရိုင်(ပြန်/ဆက်)