မယ်ကရိုကျေးရွာ  အလယ်တန်းကျောင်း၌ ၂၀၂၅ ခုနှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ကျိုက်မရော ဇန်နဝါ ရီ ၉

ကျိုက်မရောမြို့နယ်၊ မယ်ကရိုကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ)၏ ၂၀၂၅ ခုနှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ အလယ်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ကျောင်းသား၊ကျောင်းသူလေးများက စုံညီပွဲတော်တို့နွဲပျော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးမျိုးဆန်းက အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် အ.လ.က(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇူလိုင်ဇော်က စုံညီပွဲတော်ကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပညာရည်ချွန်ဆုပေးပွဲကိုကျင်းပရာ ၂၀၂၄ ပညာသင်နှစ်အတွင်း ကာယစွမ်းရည်၊ ညဏစွမ်းရည်နှင့်အားကစားထူးချွန်ဆုရရှိသူများအား လက်ထောက်ပညာရေးမှူးနှင့်တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းနှင့် ဆုချီးမြှင့်ငွေများအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး အ.လ.က(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများ အကများဖြင့် သီဆိုကပြခဲ့ကြကြောင်း သိရသည်။

 ကျိုက်မရော(ပြန်/ ဆက်)