ကျောက်ဆည် ဇန်နဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လက်ပန်ပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက်(၁၀) နာရီက ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား အတတ်ပညာသာမက အသိပညာ ဗဟုသုတများရှာမှီးနိုင်ရန်၊ စာအုပ်စာပေ၌နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်အလေ့အထ၊ အလေ့ အကျင့်ကောင်းများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အသိပညာပေးဟောပြောပွဲတွင် လက်ပန်ပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မိုးစန္ဒာကျော်က ကျောင်းသား၊ ကျောင်းသူများ ပညာတတ်များဖြစ်အောင် ပညာကိုလေ့လာကြိုးစားသင်ယူကြရန်၊ ကျောင်းသင်ခန်းစာအပြင် ပြင်ပဗဟုသုတများရှာဖွေဖတ်ရှု့လိုကြောင်း အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကျောင်းသား၊ ကျောင်းသူ လူငယ်များစာအုပ်စာပေများဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေဖတ်ရှု့ခြင်းဖြင့် အတွေးအမြင်များရရှိစေပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေကာငယ်စဉ်ကပင် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိကာ စာပေချစ်မြတ်နိုးစိတ် များကိန်းအောင်းနေစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ သည်။
အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများအား စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိရေး စာအုပ်ပြပွဲနှင့်ကလေးအလုပ်သမားပပျောက်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ်အသိပညာပေးနံရံကပ် စာစောင်များကို စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)