ဘီးလင်း ဇန်နဝါရီ ၉
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့ နံနက်ပိုင်းက အ.မ.က(ရေဇလုပ်)သို့ သွားရောက် ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးဟောပြောပွဲတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုဝင်းက ကျောင်းသား၊ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရေးတို့အတွက် နယ်လှည့်အသိပညာပေး လုပ်ငန်းများဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အသိပညာပေးဟောပြောပြီး၊ ကျောင်းသား၊ ကျောင်းသူများအား ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ ကာတွန်းစာစောင်များစသည့် ကလေးစာပေများကို ဖတ်ရှူစေခဲ့သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ကွမ်းစားသုံးခြင်းနှင့် စည်းကမ်းမဲ့၊ ကွမ်းတံထွေး ထွေးမှုများ ကျဆင်းပပျောက်ရေးအသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးစသည့် အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)