ထန်းတပင်(ရန်ကုန်)၊ ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး၊ မီးလောင်မှုများဖြစ်ပွားပါက လျင်မြန်ထိရောက်စွာ မီးငြှိမ်းသတ်နိုင်ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာများတိုးပွားလာစေရန်ရည်ရွယ်၍ စာသင်ကျောင်းအခြေပြု မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က အ.ထ.က(ခွဲ)ရိုးခွ၊ အ.ထ.က(ခွဲ) အတွင်းသဲဖြူကျောင်းနှင့် အ.လ.က(ခွဲ)ကျောင်းကုန်းကျောင်းများတွင် စာသင်ကျောင်းအခြေပြု မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောကို မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းအောင် ဦးဆောင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအုန်းဝင်းက မီးလောင်မှုဖြစ်ပွားရသည့် အခြေခံအချက်များ၊ မီးလောင်မှုအမျိုးအစားများ၊ မီးအတန်းအစားများနှင့် မီးငြှိမ်းသတ်နည်းများကို အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် အ.ထ.က(ခွဲ)ရိုးခွ၊ အ.ထ.က(ခွဲ)အတွင်းသဲဖြူကျောင်းနှင့် အ.လ.က(ခွဲ)ကျောင်းကုန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲများတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့ မီးငြှိမ်းသတ်နည်းများနှင့် ဆီမီးလောင်မှုမီးငြှိမ်းနည်းစနစ်များကို လက်တွေ့ငြှိမ်းသတ် ပြသခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)