မောက်မယ် ဇန်နဝါရီ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုနှစ် ဆောင်းရာသီ သီးနှံစိုက်ပျိုးရာတွင် ရေဆင်း−၁၅မျိုး ဆောင်းပဲပုပ်သီးနှံများကို ပိုမို၍စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယမန်နေ့ နေ့လယ် ၁၂ နာရီက တစ်ကွင်းတစ်စပ်တည်း ပဲပုပ်ဧက (၅၀) စိုက်ခင်းသို့ လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးက သွားရောက်ကြည့်ရှုခဲ့ကြောင်း တောင်သူများထံမှ သိရသည်။
မောက်မယ်မြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာတွင် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရေး၊ ဒေသခံရှမ်းတိုင်းသားများ၏ အဓိကစားသုံးသည့် ပဲပုပ်သီးနှံ အထွက်တိုးစေရေးအတွက် ရည်ရွယ်ကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဖြန့်ဖြူးသည့် ရေဆင်း−၁၅ မျိုးကို မိုးစပါးအပြီး သီးထပ်စိုက်ပျိုးသည့် စံပြလယ်စိုက်ခင်းများကို ဒေသခံတောင်သူများက ပိုမိုစိုက်ပျိုးကြရာ အထွက်နှုန်းကောင်းမွန်စေရန်အတွက် စိုက်နည်းစနစ်များ မှန်ကန်စေရန်၊ စိုက်ပျိုးရေးသုံး သွင်းအားစုပစ္စည်းများ အချိုးကျမှန်ကန်စွာ သုံးတတ်စေရန်နှင့် ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရန်နည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံကွင်းဝန်ထမ်းများက နယ်မြေအလိုက်ကွင်းဆင်းပြီး ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း တောင်သူများထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)