မြောက်ဥက္ကလာပ ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့၌ ဆုတောင်းပြည့် မယ်လမုစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဦးစီးကျင်းပသော (၅၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာတင် အခမ်းအနားကိုယနေ့ နံနက်၅ နာရီအချိန်က ဆုတောင်းပြည့်မယ်လမုစေတီတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ ပင့်သဃာတော်များက စေတီတော်ကြီးအား ဆွမ်း၊ သစ်သီး၊ ပန်း၊ဆီမီးတို့ဖြင့် ကပ်လှူပူဇော်ခဲ့သည်။
ဦးစွာ ပင့်ဖိတ်ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၊ စေတီတော်ကြီး ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ စေတနာရှင် အလှူရှင်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ မဟာပဏာမ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့ကြပြီး ဆရာတော်တော်သံဃာတော် အရှင်သူမြတ်များမှ ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ခဲ့ကြသည်။ ထို့နောက်ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ စေတီတော်ကြီး ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ စေတနာရှင် အလှူရှင်များနှင့် ဧည့်ပရိတ်သတ်များက ဆုတောင်းပြည့်မေလမုစေတီတော် ဩဝါဒါစရိယဘန္ဒန္တနန္ဒဓဇထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များက ရွတ်ဖတ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူခဲ့ကြသည်။ ဆက်လက်၍ နိုင်ငံတော်ဩဝါဒစရိယဘဒ္ဒန္တအဂ္ဂဓမ္မ-အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဒွိပိဋကဓရ ဆရာတော်ထံမှ အနုမောတနာတရားနားယူပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဉာဏိန္ဒ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတထံမှ ရေစက်သွန်းချ တရားနာယူကြရာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအားရုတ်သိမ်းခဲ့ကြသည်။
ယင်းနောက် ဆုတောင်းပြည့်မယ်လမုစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဦးစီးကျင်းပသော (၅၅)ကြိမ်မြောက် မဟာပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ကို ဆုတောင်းပြည့်မယ်လမုစေတီတော်ကြီးတွင် ဆက်လက်ကျင်းပပြုလုပ်ရာ ပင့်ဖိတ်ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၊ စေတီတော်ကြီး ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ စေတနာရှင် အလှူရှင်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ မဟာပဏာမ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့ကြပြီး ဆရာတော်အရှင်အာလောကက ကျေးဇူးတော်ရှင်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးအား ပင့်လျှောက်ပူဇော်ခဲ့သည်။ ထို့နောက် ဆရာတော်အရှင်နာဂသေနက ပဌာန်းတရားရန်အတွက် နတ်ဗြမ္မာများအား ပင့်ဖိတ်ကြားခဲ့ပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၊ စေတီတော်ကြီး ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ စေတနာရှင်အလှူရှင်များက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဉာဏိန္ဒ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဆရာတော်ဘုရားကြီးထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော် အရှင်ဝါသေဌက ပဌာန်းအဘိရာဇကဂါထာတော်ဖြင့် ရွတ်ဖတ်ချီးမြှင့်ပူဇော်ခဲ့သည်။ ယင်းနောက် ကြွရောက်လာကြသော ပင့်သံဃာတော် အရှင်သူမြတ်များနှင့် ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းမှ ပဌာန်းပစ္စယုဒ္ဒေသဖြင့် သံပြိုင်ညီညာသုံးကြိမ်ရွက်ဖတ်ပူဇော်ပြီး ဆရာတော်သံဃာတော်အရှင်သူမြတ် ၁၂ ပါးအလှည့်ကျ ပဌာန်းဒေသနာမြတ်များအား ဆက်လက်ရွက်ဖတ်ပူဇော်လျက်ရှိရာ ၉-၁-၂၀၂၅ ရက် နံနက် ၉ နာရီ မှ ၁၂-၁-၂၀၂၅ ရက်နေ့ နံနက် ၉ နာရီအထိမဟာကျမ်းမြတ်ပူဇော်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်သည်။
အဆိုပါ ဆုတောင်းပြည့်မယ်လမုစေတီတော် ၅၅ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပပြုလုပ်လျက်ရှိရာ ပင့်သံဃာတော်အရှင်သူမြတ် ၁၀၈ ပါးတို့အား ၁၃-၁-၂၀၂၅ ရက်နေ့ မွန်းလွှဲ ၂ နာရီအချိန်တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ရာ ဌာနဆိုင်ရာများ၊ဘာသာရေးအသင်းအဖွဲ့များ၊ ဓမ္မာရုံအဖွဲ့များ၊ ဆွမ်းလောင်းအသင်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာရှင် အလှူရှင်အပေါင်းတို့မှ ၀၉၇၅၇၀၃၆၁၅၂၊ ၀၉၆၉၃၇၄၆၉၄၂ ဖုန်းတို့ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်းနှင့် ဘုရားပွဲတော်အား ၉-၁-၂၀၂၅ ရက်နေ့မှ ၁၈-၁-၂၀၂၅ရက်နေ့ထိ ဘုရားပွဲတော်ကာလအတွင်း ပျော်ပွဲရွှင်ပွဲများနှင့် ဈေးရောင်းပွဲတော်များအား ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် (ပြန်/ဆက်)