လှိုင်မြို့နယ်၌ မီးဘေးလုံခြုံရေးအသိပညာပေး သရုပ်ပြပွဲကျင်းပ

လှိုင် ဇန်နဝါရီ 

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင်စျေးများအား မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ လှိုင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ်မီးသတ်ဦးစီးမှူးက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောသည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်သရုပ်ပြပွဲသို့ တက်ရောက်လာသူများအား မီးသတ်ဆေးဗူးအသုံးပြုကာ လက်တွေ့မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြပွဲသို့ မြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ရာ စုစုပေါင်းအင်အား ၁၅၀ ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

ညိုထွန်း (ပြန်/ဆက်)