တပ်ကုန်း ဇန်နဝါရီ ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ညောင်ပင်သာကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦးတက်ရောက်ခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်နှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူး ရှင်းလင်းဟောပြောပြီးနောက် မြို့နယ်စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် စာရေးဆရာမ သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း)က လူငယ်နှင့်စည်းလုံးခြင်း ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်များနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ၏ အဆိုအမိန့်များ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြောင်း သိရသည်။
တင်စိုးလွင်