မိုင်းရှူးမြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှု မရှိစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လှည့်လည်နှိုးဆော်

မိုင်းရှူး ဇန်နဝါရီ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ပွင့်လင်းရာသီရောက် ရှိလာပြီဖြစ်၍ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်အသိ၊ သတိရှိစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီး၊ ဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်အတွင်း၌ ယမန်နေ့ ည‌နေပိုင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှည့်လည်ဆော်ဩခဲ့သည်။

ထိုသို့ လှည့်လည်နှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းဇင်ဖြိုး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များ၊ ဈေးဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်၊ ဈေးဆိုင်ပတ်ဝန်းကျင်ရှိ လောင်စာအမှိုက်များ ရှင်းလင်းထားရန်၊ မီးလောင်ကျွမ်းမှု မီးလန့်မှုများ မဖြစ်ပေါ်စေရန် မီးဘေးလုံခြုံရေးအတွက် မီးချိတ်၊ မီးကတ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူးများ ထားရှိရန်၊ ပေါက်ပြဲဆွေးမြေ့နေသော လျှပ်စစ်ဝါယာ ကြိုးများအသုံးမပြုရန်၊ ထမင်းဟင်းများ ချက်ပြုတ်ပြီးပါက မီးဖိုချောင်အတွင်းရှိ မီးကြွင်းမီးကျန်များအား စနစ်တကျ မီးငြှိမ်းသတ်ထားရှိရန်၊ ဈေးဆိုင်တွင် လူမရှိသည့်အခါ လျှပ်စစ်မိန်းခလုတ်များ ပိတ်ထားရန်၊ အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ မှတ်သားထားရှိရန် လှည့်လည်ဆော်ဩခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)