ပင်းတယမြို့နယ်၌ ငရုပ်သီးစိုက်တောင်သူများ ဈေးကောင်းရရှိပြီး အကျိုးအမြတ်ရရှိ

ပင်းတယ ဇန်နဝါရီ  ၉

ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျားကုန်းကျေးရွာအုပ်စုနှင့် ကျုံးကျေးရွာအုပ်စုရှိ ကျေးရွာများတွင် ငရုပ်သီးခြောက် (ဒေသအခေါ်စပ်သီးခြောက်) လုပ်ငန်းကို လုပ်ကိုင်သည့် တောင်သူများမှ ဈေးကောင်းရရှိပြီး မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိကာ အကျိုးအမြတ်ရရှိနေကြကြောင်း သိရသည်။

အဆိုပါ ငရုပ်သီးခြောက်လုပ်ငန်းနှင့်ပတ်သက်၍ စိုက်ပျိုးသည့်တောင်သူ ဦး‌ထွန်းမောင်က အခုဆိုရင် ကျွန်တော်တို့ကျားကုန်းကျေးရွာမှာ အိမ်တိုင်းလိုလို ဂျင်းစိုက်ခင်းထဲတွင် သီးညှပ်အဖြစ် စိုက်ပျိုးထားသည့် ငရုပ်သီးများကို ခူးဆွတ်နေရပြီဖြစ်သည့်အတွက် အဆင်ပြေလျက်ရှိကြောင်း ပြောကြားသည်။

ငရုပ်သီး(စပ်သီး)ပင်ကို ကဆုန်လမှစ၍ စတင်စိုက်ပျိုးပြီး၊ တန်ဆောင်မုန်းနှင့် နတ်တော်လများတွင် ခူးဆွတ်ရကြောင်း ငရုပ်သီးအစို (၄) ပိဿာတွင် အခြောက်(၁)ပိဿာ ရရှိကြောင်း ယခုလက်ရှိငရုပ်သီးအစို တစ်ပိဿာကို (၁၀,၀၀၀)ကျပ်မှ (၁၁,၀၀၀)ကျပ်အထိရရှိပြီး၊ ငရုပ်သီးအစိုကို နေလှန်း၍အခြောက်ခံသည့် စနစ်ဖြင့် ပြုလုပ်ကာ အခြောက်တစ်ပိဿာလျှင် (၂၅,၀၀၀) ကျပ်မှ (၂၈,၀၀၀)အထိ ရောင်းချနေရကြောင်းနှင့် တစ်အိမ်ထောင်တွင် အနည်းဆုံး ငရုပ်သီးပိဿာအချိန် (၅၀) မှ (၂၀၀) အထိရရှိကြသည့်အတွက် ကျွန်တော်တို့ကျေးရွာက ငရုပ်သီးကို  ဒေသငရုပ်သီးမျိုးသာစိုက်ပျိုးကြပြီး အရင်နှစ်က ငရုပ်သီးစျေးနှုန်းထက် ယခုနှစ်တွင် စျေးနှုန်းသိသိသာသာ တိုးလာသည့်အတွက် ငရုပ်စိုက်သည့် တောင်သူများ ဝမ်းသာလျက်ရှိပြီး အပိုဝင်ငွေများ ရရှိနေကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)