တပ်ကုန်း ဇန်နဝါရီ ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းတွင် ပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၂၅၀ ဦး တက်ရောက်ခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ရှားတောကျေးရွာအခြေခံပညာအထက်တန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိလေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ "လူငယ်နှင့်အနာဂတ်အကြောင်း"ရှင်းလင်းဟောပြောပြီးနောက် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် စာရေးဆရာမ သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း)က "လူငယ်နှင့်ရည်မှန်းချက်"ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။
ထိုနောက် အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်မှ ရဲအုပ် ဝေဖြိုးဦးက လူကုန်ကူးမှုနှင့်လူမှောင်ခိုမှုတို့ ကွဲပြားခြားနားချက်များ၊ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ရာမှ ကြုံတွေ့နိုင်မည့် အခက်အခဲများ၊ ရှောင်ရန်၊ ဆောင်ရန်အချက်များ၊ အရှေ့တောင်အာရှဒေသအတွင်း လတ်တလောဖြစ်ပွားနေသည့် Online မှ လူကုန်ကူးမှုကျူးလွန်ပုံ၊ ကျူးလွန်နည်းနှင့် ဆက်သွယ်ဆောင်ရွက်နေမှုများ၊ လူကုန်ကူးမှုဖြစ်စဉ်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးသူ လူပွဲစားများ၏ စည်းရုံးပုံများ ရှင်းလင်းဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
အဆိုပါဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်များနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ၏ အဆိုအမိန့်များ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
တင်စိုးလွင်