မိုင်းယန်း ဇန်နဝါရီ ၉
စပါးတစ်ဧကပန်းတိုင် အထွက်နှုန်း ထွက်ရှိရေးဆောင်ရွက်ရာတွင် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်အသုံးပြုနိုင်ရန် မျိုးစေ့ထုတ်စိုက်ဧကများ မျိုးစေ့ထုတ်နည်းပညာများနှင့်အညီ စိုက်ပျိုးကြစေရန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ဆင်းဧကရီ-၃ နွေစပါးမျိုးစေ့ထုတ် စံပြစိုက်ကွက် လက်တွေ့သရုပ်ပြစိုက်ပျိုးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မိုင်းလွေကျေးရွာနေ ဦးပိုင်တောင်သူ ဦးစိုင်းလာ၏ လယ်မြေ (၂.၀၆) ဧက၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မိုင်းယန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက မိုင်းယန်းခရိုင်/မိုင်းယန်းမြို့နယ်အတွင်း ဆင်းဧကရီ-လမ်းညွှန်မှုဖြစ်သော စပါးတစ်ဧက ပန်းတိုင် အထွက်နှုန်း ထွက်ရှိရေးအတွက် မျိုးစေ့ထုတ်စိုက်ဧကများ စံပြစိုက်ပျိုးလျက်ရှိရာ တောင်သူများအနေဖြင့် စိုက်ပျိုးရေးနည်းစနစ်များနှင့်အညီ စနစ်တကျစိုက်ပျိုးကြရန် အသိပညာပေးရှင်းလင်း တင်ပြသည်။
အဆိုပါ ဆင်းဧကရီ-၃ နွေစပါးမျိုးစေ့ထုတ် စံပြစိုက်ကွက် လက်တွေ့သရုပ်ပြ စိုက်ပျိုးနေမှုအား မိုင်းယန်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းသန့်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လယ်ယာမြေ စီမံခန့်ခွဲရေး အဖွဲ့ဝင်များနှင့် တောင်သူများမှ ကြည်ရှုအားပေးခဲ့ကြပြီး စိုက်ပျိုးရေးလုပ်ငန်းများအား ဒေသခံတောင်သူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး