ချမ်းမြသာစည် ဇန်နဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ၅၉ လမ်း၊ ၁၁၂ လမ်းနှင့် ၁၁၂(A) လမ်းကြား၊ ကန်သာယာရပ်ကွက်၊ အကွက်အမှတ်(ဖ-၈)၊ အိမ်အမှတ်(၁၇)၊ “ကျော်” ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်တွင် ယမန်နေ့ ညနေ ၅ နာရီအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ချမ်းမြသာစည်မြို့နယ်(ခေတ္တ)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုးနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်များတို့က မီးငြှိမ်းသတ်ယာဉ်(၁၀)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၅)စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၅ နာရီခွဲအချိန်ခန့်တွင် မီးငြှိမ်းသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ "ကျော်” ဆိုင်ကယ်အပိုပစ္စည်း အရောင်းဆိုင်တွင်နေထိုင်သူ ဦးကျော်ဇင် အသက် ၂၇ နှစ် အရောင်းအဝယ်လုပ်ကိုင်သူသည် မီးစက်အတွင်းသို့ ဓါတ်ဆီဖြည့်ရာ အနီးရှိမီးဖိုမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုကြောင့် အကျယ်အဝန်း (၃၀x၄၅)ပေ၊ အမြင့်(၁၈) ပေခန့်ရှိ သွပ်မိုးအုပ်ကာ၊ မြေစိုက်၊ နံကပ်အဆောက်အဦး “ကျော်” ဆိုင်ကယ်အပိုပစ္စည်း အရောင်းဆိုင်နှင့် ဘေးချင်းကပ်ဘယ်ညာ နေအိမ်(၂)လုံး၊ နောက်ကျောကပ်လျက်ရှိ နေအိမ် (၁) လုံးတို့အား မီးကူးစက်လောင်ကျွမ်းခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူအား ချမ်းမြသာစည်မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ချမ်းမြေ့