အင်းစိန်မြို့နယ်၊ အောင်ထက်ကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန် ဇန်နဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့် အားလျော်စွာ လူငယ်ဘဝကို အကျိုးရှိစွာဖြတ်သန်းရန်၊ အသိပညာဗဟုသုတ ပြည့်ဝစေရန်၊ ဗလငါးတန်ပြည့်ဝသည့် လူငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အောင်ထက်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်(၁၀)နာရီက အင်းစိန်မြို့နယ်၊ အောင်ထက်ကိုယ်ပိုင်အထက်တန်းတန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အင်းစိန်မြို့နယ်၊ အောင်ထက်ကိုယ်ပိုင်အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်က ဦးဆောင်၍ အောင်ထက်ကိုယ်ပိုင်အထက်တန်းကျောင်းမှ မောင်မိုးခန့်လင်း၊ မောင်ဝေယံမိုးအောင်၊ မောင်သန့်ဇင်ထွန်း၊ မချစ်စုလှိုင်၊ မအိမ်မှူးစည်နှင့် မချောပြည့်စုံတို့က လူငယ်နှင့်ပညာရေး၊ လူငယ်နှင့် အခွင့်အလမ်းနှင့် လူငယ်နှင့် ယဉ်ကျေးမှုခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို ပြန်လည်၍ မေးခွန်းများ မေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူ ကျောင်းသား/ကျောင်းသူများက မေးခွန်းများ၏ ကဏ္ဍအလိုက် အသီးသီးပြန်လည်ဖြေကြားခဲ့ကြပြီး ကျောင်းစာကြည့်တိုက်အတွက် ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်က သုတ၊ ရသစာအုပ်များ ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်က လက်ခံရယူခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်) ရုံးမှ ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့အား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)