ဒေါပုံမြို့နယ်တွင် ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး

ဒေါပုံ ဇန်နဝါရီ

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများမီးဘေးအန္တရာယ် ကင်းဝေးစေရန်ရည်ရွယ်၍ မီးသုံးစွဲမှု စနစ်တကျရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဇေယျာသီရိရပ်ကွက်အတွင်းရှိ နေအိမ်များသို့ တစ်အိမ်တက်ဆင်းသွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် မီးဖိုချောင်များတွင် ချက်ပြုတ်ရာ၌ သုံးစွဲသည့် လျှပ်စစ်ပစ္စည်းများ၊ လောင်စာဖိုများကို စနစ်တကျသုံးစွဲမှု ရှိ၊ မရှိ၊ အိမ်အတွင်း သွယ်တန်းထားသည့် မီးကြိုးများပေါက်ပြဲမှု ရှိ၊ မရှိနှင့် သုံးစွဲသည့်လျှပ်စစ်ပစ္စည်းများနှင့် လျှပ်စစ်ဝန်အားခံနိုင်မှု ရှိ၊ မရှိ၊ မီးသတ်ဆေးဘူးများ သုံးစွဲမှုရှိ၊ မရှိနှင့် မီးချိတ်၊ မီးကပ်၊ သဲပုံများ ထားရှိမှု ရှိ၊ မရှိတို့ကို တာဝန်ရှိသူများက တစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို ဒေါပုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးထူးထက်လင်းနှင့် ဝန်ထမ်းများကဆောင်ရွက်ခဲ့ကြပြီး ကျန်ရှိသည့် ရပ်ကွက်များအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)