လယ်ဝေး ဇန်နဝါရီ ၈
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ဟောပြောပွဲနှင့် ပြပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စာရေးဆရာ မောင်စိမ်းနောင်-လယ်ဝေးက “လူငယ်ဘဝမြှင့်တင်ဖို့ စာပေလေ့လာဖတ်ရှုစို့”ခေါင်းစဉ်ဖြင့် လူငယ်များစာပေလေ့လာဖတ်ရှုခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများအား လက်တွေ့အသုံးချ၍ တိုးတက်ကြီးပွားလာသည့် ပုဂ္ဂိုလ်များအကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြလွင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ စာရေးဆရာ မောင်စိမ်းနောင်-လယ်ဝေးအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများအား ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)