မိုင်းယု ဇန်နဝါရီ ၈
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာလျော့ချနိုင်ရေးအတွက် မီးခိုးမြူငွေ့ကင်းစင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်၊ ကြွမ်းတောင်းဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါဟောပြောပွဲသို့ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေး၊ နယ်မြေခံစခန်းမှူး ရဲအုပ် နိုင်နိုင်ဝင်း၊ သစ်တောဦးစီးဌာနမှ တောအုပ် ဦးအောင်ကျော်စိုး၊ မြေစာရင်းဦးစီးမှူး ဦးစိုင်းခမ်းအောင်၊ မြို့လမ်းဦးစီးမှူး ဒေါ်ဆုမြတ်မော်၊ စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ပြုံးပြုံးနွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးအားချာနှင့် မီးသတ်ဌာနမှ တပ်ကြပ်ကြီး အောင်မျိုးထိုက်တို့က တက်ရောက်ဟောပြောခဲ့ကြသည်။
ဟောပြောမှုတွင် ဒေသတွင်းတောင်ယာ၊ တောတောင်များတွင် တောမီးရှို့ခြင်းများ မပြုလုပ်စေရေး၊ မီးခိုးမြူငွေ့ဖုံးလွှမ်းသည့်ကိစ္စရပ်များ မဖြစ်ပေါ်စေရေး၊ လယ်ယာမြေအသုံးချခြင်းဆိုင်ရာများ၊ ပေါ့ဆစွာ မီးလောင်ကျွမ်းမှုဖြစ်ပေါ်ပါက ရရှိလာမည့်ပြစ်ဒဏ်များ၊ တောင်ယာအမှိုက်များမှတဆင့် မြေဩဇာပြန်လည်အသုံးပြုနိုင်ရေး၊ မြို့လမ်းနယ်နမိတ်ဧရိယာအတွင်း မည်သည့်အဆောက်အအုံနှင့် ခြံများမရှိစေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးစသည့် အသိပညာပေးခြင်းအကြောင်းအရာများကို ဟောပြောခဲ့ကြရာ တက်ရောက်လာကြသည့် ပြည်သူတို့မှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်