ညောင်ဦး ဇန်နဝါရီ ၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကျေးလက်တောင်သူများ ပဲစင်းငုံပေါ်ချိန် ရောင်းချရာတွင် ပဲစင်းငုံတစ်တင်းလျှင် ၉၅၀၀၀ ကျပ်ဖြင့် ရောင်းချရခြင်းကြောင့် ပဲစင်းငုံစိုက်တောင်သူများ မျှော်လင့်နေသည့် ဈေးနှုန်းဖြစ်ကြောင်း ညောင်ဦးမြို့နယ် တောင်ဘကျေးရွာ ပဲစင်းငုံစိုက်တောင်သူ ဦးမောင်ဆန်းက ပြောကြား၍ သိရသည်။
ပဲစင်းငုံကြဲပက်စိုက်ပျိုးမှုများအား ကဆုန်လ၊ နယုန်လများတွင် နှမ်းဖြင့် တွဲဖက်စိုက်ပျိုးခြင်းဖြင့်လည်းကောင်း၊ မြေပဲခင်းများတွင် တန်းကြောင်းချ၍ စိုက်ပျိုးခြင်းဖြင့်လည်းကောင်း စိုက်ပျိုးကြပြီး ပဲစင်းငုံသီးသန့်စိုက်ပျိုးမှုသိပ်မရှိဘဲ သီးထပ်အဖြစ်သာ စိုက်ပျိုးမှုများကြောင်း၊ နှမ်းများနှုတ်သိမ်း၊ ရိတ်သိမ်းချိန်တွင် ပဲစင်ငုံပင်များ မြေဆွပေးသကဲ့သို့ ဖြစ်ကာ ပဲစင်ငုံများ အပင်သန်မာထွားကြိုင်းလာကာ အပင်ဖြစ်ထွန်းလွယ်ကြောင်း ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ကုလားတဲကျေးရွာ ပဲစင်းငုံစိုက်တောင်သူ ဦးမောင်ဝင်းက ပြောကြားသည်။ ပဲစင်းငုံစိုက်ရာတွင် မြေဆီမြေနှစ်အလွန် စုပ်ယူကြောင်း ပဲစင်းငုံစိုက်ပျိုးပြီး နောက်နှစ်ထပ်မံကြဲပက်စိုက်ပျိုးလျှင် မဖြစ်ထွန်းကြောင်းနှင့် ပဲစင်းငုံ တစ်သီးစိုက်လျှင် ရှစ်လ၊ ကိုးလကြာမြင့်ခြင်းကြောင့် ပဲစင်းငုံစိုက်ပြီး ဈေးမကောင်းလျှင် ဖြစ်စေ၊ ပဲစင်းငုံမဖြစ်ထွန်းလျှင် စိုက်ပျိုးတောင်သူများ အင်မတန်နစ်နာကြောင်း ကဆုန်၊ နယုန်တွင် ကြဲပက်စိုက်ပျိုးသည့် ပဲစင်းငုံတစ်သီးအား နတ်တော်လ၊ ပြာသိုလတွင်မှ ခုတ်ယူရကြောင်းနှင့် အပွင့်လှိုင် လှိုင်ပွင့်ချိန်၊ ဝတ်မှုံကူးချိန်ဖြစ်သည့် တန်ဆောင်မုန်းလတွင် မိုးသည်းကြီးမဲကြီးမိပါက ပဲစင်းငုံအပင်ကောင်းသော်လည်း ပဲစင်းငုံမရဖို့ တပ်အပ်ပြောနိုင်ကြောင်း ပဲစင်းငုံစိုက်တောင်သူ ဦးသန်းထိုက်မှ ရှင်းပြသည်။ ပဲစင်းငုံစိုက်တောင်သူများသည် ပဲစင်ငုံခုတ်သိမ်းပြီးချိန် ပခုက္ကူဈေးကွက်သို့ သွားရောက်ရောင်းချခြင်း၊ မြင်းခြံ၊ ကျောက်ပန်းတောင်းဈေးကွက်သို့လည်း သွားရောက်ရောင်းချကြရာ ပဲစင်းငုံတစ်ပိသာ ၅၀၀၀ ကျပ်ရောင်းချရပြီး ပဲစင်းငုံတစ်တင်း ပဲစင်းငုံ ပိသာ ၂၀ ရှိကြောင်း၊ တစ်တင်းလျှင် ၉၅၀၀၀ ကျပ်ရောင်းချရခြင်း၊ မနှစ်ကထက် ပဲစင်ငုံဈေးနှုန်းပေါ်ခါစ တစ်တင်းလျှင် တစ်သိန်းကျပ်ရောင်းချခဲ့ရကြောင်း၊ ယခုနှစ်တွင် ကျေးလက်တောင်သူများ ပဲစင်းငုံအထွက်ကောင်းကြောင်းလည်း သိရသည်။
ဒီပါလင်း