တံတားဦး ဇန်နဝါရီ ၈
တံတားဦးခရိုင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ယနေ့ နံနက် (၁၀)နာရီက မြို့မဈေးအတွင်း လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်တွေ့မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းနှင့် အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူအောင်က မီးသတ်ဆေးဘူးများထာရှိရေး၊ ဆေးဘူးများကို စနစ်တကျ အသုံးပြုတတ်စေရေး၊ အခြေခံမီးသဘောတရားများ၊ မီးလောင်ခြင်းအမျိုးမျိုး၊ ကြိုတင်ကာကွယ်ရမည့်ပစ္စည်းများထားရှိရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ စနစ်တကျ ကြိုတင်ဆောင်ရွက်ရေး၊ မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ မီးအတန်းအစားများအား ရှင်းလင်းခြင်း၊ မီးငြှိမ်းသတ်နည်း (၄) နည်းတို့ကို မြို့နယ်မီးသတ်ဦးစီးမှူးက အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်မှု မီးသတ်ဆေးဘူးနှင့် ရေစိုအဝတ်တို့ဖြင့် လက်တွေ့သရုပ်ပြဆောင်ရွက်ကြသည်။ ထို့နောက် တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် တာဝန်ရှိသူများ၊ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးသန်းနိုင်ဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်မင်းမင်းထွန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များသည် မြို့မဈေးနှင့် ဈေးဆိုင်များတွင် ထားရှိရမည့် မီးသတ်ဆေးဘူး၊ မီးချိပ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကြသည်။
ပွင့်လင်းရာသီတွင် တံတားဦးမြို့နယ်၌ မီးလောင်မှု မီးလန့်မှုများ မဖြစ်ပေါ်စေရေး မီးလောင်မှု ဖြစ်ပေါ်လာပါက မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းငြှိမ်းသတ်နည်းအတွက် ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများကို အသိပညာပေး ဟောပြောမှုများနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ပေးကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သူအောင်၏ ပြောကြားချက်အရ သိရသည်။
ရဲတင့် (ပြန်/ဆက်)