တာချီလိတ် ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “လူရည်ချွန်”စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ရှင်း-၃ ကျေးရွာရှိ အဆိုပါစာကြည့်တိုက်အဆောက်အအုံရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ခေတ္တစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုတို့က စာကြည့်တိုက်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အမှာစကားပြောကြားပြီး စာကြည့်တိုက်အဆောက်အအုံသစ်မှတ်တမ်းများကို လွှဲပြောင်းပေးအပ်ရာ ကျေးရွာစာကြည့်တိုက်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုင်းသင်းက လက်ခံရယူခဲ့သည်။
ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကို၊ ရှမ်းပြည်နယ် စာကြည့်တိုက်ဖောင်ဒေးရှင်းအဖွဲ့ဝင် ဦးစိုးစိုးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှဌေးတို့က စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ လူမှုရေးရာဝန်ကြီးက လက်ခံယူပြီး ဒေသခံများကိုယ်စား ဆရာမကြီး ဒေါ်ခင်မျိုးထွန်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ယင်းနောက် လူမှုရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့သည် စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာကြည့်တိုက်အဆောက်အအုံသစ်သည် အလျား ၂၀ ပေ၊ အနံ ၁၉ ပေ၊ အမြင့် ၁၀ ပေရှိပြီး မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီမှ ခွင့်ပြုချထားပေးငွေ ကျပ်သိန်း (၁၅၀)နှင့် ဒေသခံပြည်သူများ ထည့်ဝင်လှူဒါန်းငွေကျပ်သိန်း (၅၀)ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သန်းဇော်(ပြန်/ဆက်)