ဘီးလင်း ဇန်နဝါရီ ၈
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့နံနက်ပိုင်းက အ.မ.က မာလိကာ(တောင်ကလေး)ကျောင်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးဟောပြောပွဲတွင် ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ခင်ချိုဝင်းက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးတို့အတွက် နယ်လှည့်အသိပညာပေးလုပ်ငန်းများ လာရောက်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အသိပညာပေးဟောပြောပြီး ကျောင်းသား၊ကျောင်းသူများအား ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ ကာတွန်းစာစောင်များစသည့် ကလေးစာပေများကိုဖတ်ရှုစေခဲ့သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးစသည့် အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)