သာစည်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမားပန်းရံသင်တန်းဖွင့်လှစ်

သာစည် ဇန်နဝါရီ ၈

မိတ္ထီလာခရိုင် သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဖွင်လှစ်သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမားပန်းရံသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်မြင့်ဝင်းက အမှာစကားပြောကြားပြီး သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဝင်းက သင်တန်းဖွင့်လှစ်ပေးရခြင်းအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ၌ ဌာနအနေဖြင့် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားစေရေးအတွက် လုံလောက်သောပုံမှန်ဝင်ငွေရရှိစေရန်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့်မြို့ပြနှင့် ကျေးလက်ကွာဟမှုကျဉ်းမြောင်းစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုသင်တန်းမှာ မိသားစုဝင်ငွေတိုးပွားရေးအတွက် အသက်မွေးဝမ်းကျောင်းပြုရာ၌ အထောက်အကူဖြစ်စေရန်ဖြစ်ကြောင်းနှင့် သင်တန်း သားရွေးချယ်ပုံများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် တက်ရောက်လာသောမြို့နယ်အဆင့် ဌာနဆိုင်ရာများက သင်တန်းသားများထံ သင်ထောက်ကူပစ္စည်းများပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

အဆိုပါသင်တန်းတွင် သင်တန်းဆရာနှစ်ဦးတို့ကသင်တန်းသား ၁၅ ဦးတို့ကို သင်တန်းကာလ ၁၅ ရက်ကြာ ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသားများမှာ စက်တင်ဘာလက ဖြစ်ပွားခဲ့သော ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံပြီးရေဝင်ရောက်ခဲ့သည့် မြစိမ်းရောင်စီမံကိန်းရှိသည့် ကျေးရွာငါးရွာတို့မှဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)