မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း မူးယစ်ဆေးဖြတ်ပြီးသူဦးရေ(၁၉၀)ကျော်အား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်

တာမွေ ဇန်နဝါရီ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီးနောက် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး၌ ၂၀၂၄ ခုနှစ်အတွင်း စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှု ခံယူပြီးသည့် မူးယစ်ဆေးဖြတ် သင်တန်းသားဦးရေ (၁၉၀)ကျော်ထိရှိကြောင်း ယနေ့နံနက်ပိုင်းအချိန်က အဆိုပါမူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဖြတ်သင်တန်းဆင်း သင်တန်းသားများ၏ မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ (၁/၂၀၂၅) အခမ်းအနားမှ သိရသည်။

အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ကျောင်းသားလူငယ်ထုဆက်သွယ်ရေးသံတမန် ဟာသသရုပ်ဆောင်လူရွှင်တော်ဦးချစ်ချောက မူးယစ်ဆေးဖြတ်ပြီး၍ နောက်ဆက်တွဲစောင့်ရှောက်မှု ခံယူပြီးသည့် သင်တန်းသားများအား ဘဝအောင်မြင်တိုးတက်စေရေးအတွက် လမ်းညွှန်ဆုံးမစကား ပြောကြားခဲ့သည်။ ထို့နောက် မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ အတွင်းရေးမှူးဒေါ်ခင်ခင်ဝင်းက မူးယစ်ဆေးဖြတ်သင်တန်းသားများအား ဆေးပြန်လည်မသုံးစွဲရန်နှင့် ဆေးပြန်လည်သုံးစွဲပါက ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးအန္တရာယ်များအကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့နေအိမ်အသီးသီးသို့ ပြန်ရောက်သောအခါ မိမိဘဝတိုးတက်ရေးအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရန်များစွာလိုအပ်သည့် အကြောင်းတို့နှင့်ပတ်သက်၍ အကျယ်တဝင့်အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များအား အသီးသီးပေးအပ်ခဲ့ကြပြီး မူးယစ်ဆေးဖြတ်သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌဦးစံရှိန်က မူးယစ်ဆေးဖြတ် သင်တန်းသားများ၏ မိဘအုပ်ထိန်းသူများနှင့်တွေ့ဆုံကာ သင်တန်းဆင်းသင်တန်းသားများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက်လာမှု အခြေအနေများနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများသည် သင်တန်းဆင်းသင်တန်းသားများ၊ ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများ၊ မေတ္တာစံအိမ်ရှိ မူးယစ်ဆေးဖြတ် သင်တန်းသားများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုအနေဖြင့် မူးယစ်ဆေးစွဲလူနာများအား ရှာဖွေဖော်ထုတ်ခြင်း၊ ဆိုရှယ်မီဒီယာမှ ဆက်သွယ်လာသည့် မူးယစ်ဆေးစွဲလူနာများအား ဆေးရုံသို့ လွှဲပြောင်းညွှန်းပို့၍ ဆေးဖြတ်ပေးခြင်း၊ ဆေးရုံမှပြန်ဆင်းလာသည့်အခါ ပြန်လည်ထူထောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ပြန်လည်ထူထောင်မှုခံယူပြီးသူများအား နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းတို့ကို (၂၄)နာရီ ဝန်ဆောင်မှုပေးလျက်ရှိပြီး ၂၀၂၄ ခုနှစ်အတွင်း စုစုပေါင်းမူးယစ်ဆေးဖြတ်သင်တန်းသား(၁၉၉)ဦးနှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် (၃၂)ဦးကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)