မြစ်သား ဇန်နဝါရီ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကွင်းအမှတ် (၄၈၉) ကျန်တောကွင်း၌ မိုးစပါးစိုက်ခင်းများကိုဒေသခံ တောင်သူများက ဆောင်းသီးနှံ ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရန်အတွက် စပါးလူအငှားဖြင့် ရိတ်သိမ်းလျက်ရှိပြီး စပါးများပေါ်ချိန် မနောသုခစပါးစျေးနှုန်း တစ်တင်း ငွေကျပ် ၂၆၀၀၀/- စျေးဖြင့် အရောင်းအဝယ်ကောင်းမွန်နေကြောင်း သိရသည်။
မြစ်သားမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက ဆောင်းသီးနှံအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် ဒီဇင်ဘာလပထမပတ်ကစတင်ပြီး လူအားဖြင့်လည်းကောင်း ရိတ်သိမ်းခြွေလှေ့စက်ဖြင့်လည်းကောင်း ရိတ်သိမ်းခြွေလှေ့ခဲ့ရာ ဒေသမှာ မနောသုခစပါး စိုက်ပျိုးတောင်သူတွေ ယခင်နှစ်ကထက်စျေးကောင်း ရရှိသဖြင့် မနောသုခစပါးတစ်တင်းလက်ရှိပေါက်စျေးမှာ ကျပ်၂၆၀၀၀/ စျေးနှင့် ရောင်းချကြောင်း၊ ဒေသခံတောင်သူများကလုပ်ငန်းအဆင်ပြေကြောင်း၊ မိုးစပါး စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်၍ တစ်ဧကပျမ်းမျှ စပါးတင်းရေ(၇၅)ကျော်ထွက်ကြောင်း အဓိကစိုက်ပျိုးတဲ့မိုးစပါးမျိုးတွေဖြစ်သော ဧရာမင်း၊ မနောသုခ၊ ရက်(၉၀)စသည့်စပါးမျိုးများကို စိုက်ပျိုးကြကြောင်း ဒေသခံတောင်သူ ဦးသိန်းသန်းလင်းထံမှသိရသည်။
၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ဒေသအတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ် မှုကဏ္ဍဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တစ်မြို့နယ်လုံးမိုးစပါးသီးနှံစိုက်ဧက (၆၂၄၆၄) ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်းသိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)