အမရပူရ ဇန်နဝါရီ ၈
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အ-ထ-က(၁)ကျောင်း၊ အမရအောင်မြေခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ-ထ-က(၁) ကျောင်းသား၊ကျောင်းသူများက ကြိုဆိုပါသည်စုံညီပွဲတော်သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ထားထားစိန်းက စုံညီပွဲတော်ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက ကျောင်းဥပဓိ ရုပ်ကောင်းမွန်မှု ကျောင်းဆု၊ ကမ္ဘာ့ဆရာများနေ့၊ Clean and Green၊ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်အောင်ချက်အကောင်းဆုံးကျောင်း၊ ICT၊ မူးယစ်ဆုရရှိသူများ၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့၊ ကမ္ဘာ့ဆရာများနေ့၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့၊ မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုရရှိသူများ၊ နွေရာသီအခြေခံပန်းချီသင်တန်း၊ (၇၇)နှစ်မြောက် အာဇာနည်နေ့ ဆုရရှိသူများ၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့၊ ကျောင်းကျန်းမာရေးနေ့၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဆုရရှိသူများ၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ဆုရရှိသူများနှင့် လူရည်ချွန်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး အခြေခံပညာကျောင်းများမှ ခင်းကျင်းပြသထားသော သင်ထောက်ကူပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသူများက ကျောင်းသား/ကျောင်းသူများ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
စိုးသီဟ(အမရ)