ကလော ဇန်နဝါရီ ၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် တာဝန်ရှိသူတို့က အများပြည်သူများ လာရောက်အပန်းဖြေကြသည့် ကလောမြို့ မောမြေဦးပန်းခြံအတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် သောက်ရေသန့်စက်ဖြင့် ရေပေးဝေမှုအခြေအနေများ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးဧည့်ခန်းမဆောင်တွင် မြို့ဖွံ့ဖြိုးတိုးတက်ရေးနှင့် သောက်သုံးရေ ဖြန့်ဝေပေးနေမှုအခြေအနေများကို မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးကျော်မိုးထွန်းက power point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ကလောမြို့ကို ရေပေးဝေသည့် ရေအေးကန်ဆည်သို့ရောက်ရှိခဲ့ပြီး ရာဂီမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရေအေးကန်ပိုက်လိုင်း ပြန်လည်ဆောင်ရွက်ထားရှိမှုနှင့် ရေပေးဝေရေးအတွက် ရေသန့်စင်စနစ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့သူက ကလောမြို့နယ်၊ နန်းပန်တက်ကျေးရွာအနီးရှိ ရှမ်းပြည်နယ်အစပ်တွင် “ရှမ်းပြည်နယ်မှ လှိုက်လဲစွာကြိုဆိုပါ၏” ဆိုင်းဘုတ်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ရာဂီမုန်တိုင်းသဘာဝဘေးကြောင့် ပြိုကျပျက်စီးသွားခဲ့သည့် ကလော - သာစည် ပြည်ထောင်စုလမ်းမကြီးအား ရေရှည်တည်တံ့ခိုင်ခံ့အောင် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ စံချိန်စံညွှန်းနှင့်ကိုက်ညီရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်ကာလပြီးစီးရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)