ဆီဆိုင် ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်းရှိ ယုဇနခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ Grade- 11 ကျောင်းသား/ကျောင်းသူများက “ကြိုဆိုပါသည် စုံညီပွဲတော်” တေးသီချင်းဖြင့် အခမ်းအနားကိုသီဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ဆန်းဦးက အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ပညာရေးမှူး ဦးလှဝင်းက ပညာရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ ကာယ၊ ဉာဏထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကျော်သူရနှင့် တာဝန်ရှိသူတို့မှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက အကပဒေသာများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
အခမ်းအနားသို့ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကျော်သူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)