ထန်းတပင်(ရန်ကုန်)၊ ဇန်နဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်းတီးပေးရေး လုပ်ငန်းကော်မတီမှ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းကို ယနေ့မွန်းလွဲပိုင်းက ထန်းတပင်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်တွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးထင်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ (၄) ဦးတို့မှ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း နည်းလမ်းများကို ဇန်နဝါရီလ (၇) ရက်နေ့မှ ဖေဖော်ဝါရီလ (၆) ရက်နေ့အထိ တစ်လကြာ စာတွေ့လက်တွေသင်ကြားပို့ချပေးသွားမည်ဖြစ်သလို သင်တန်းသို့ ရပ်ကွက်/ကျေးရွာအုပ်စုများမှ သင်တန်းသား (၄၄) ဦး တက်ရောက်လျက်ရှိကြောင်း သိရပြီး သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)