စဉ့်ကိုင် ဇန်နဝါရီ ၇
နိုင်ငံတော်မှ တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ လူတိုင်းလက်လှမ်းမှီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် လူငယ်ကဏ္ဍများကို အဓိကထားမြှင့်တင်ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အ.လ.က (မိုးကောင်း) တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦး၊ အ.လ.က(မိုးကောင်း) ကျောင်းအုပ်ဆရာကြီး ဦးဝင်းကိုနှင့်ဆရာ/ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/ သူများနှင့် ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသော ဧည့်သည့်တော်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက “ပညာရေးစုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အ.လ.က (မိုးကောင်း)မှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းကိုက စာသင်ကျောင်း၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုးကြသည့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျောင်းအကျိုးတော်ဆောင်များနှင့်တာဝန်ရှိသူများကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦး၊ ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း ကာယ၊ ဉာဏထူးချွန်ဆုရရှိခဲ့သော ကျောင်းသား/ သူများနှင့် အလှူရှင်များအား ပညာရည်ချွန်ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် တက်ခဲ့ရောက်လာကြသူများအား ကျောင်းသား/ သူများက တေးသရုပ်ဖော် အကအလှများဖြင့် ဧည့်ခံဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)(၃၉၉)