စစ်တွေ ဇန်နဝါရီ ၇
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နှစ်သစ်ကူးအသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော် ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် သာသနာ့ဗိမာန်တော်ရှိ ဗုဒ္ဓရုပ်ပွားတော်အား ဖူးမြော်ကာ ပန်း၊ ရေချမ်း၊ ဆီမီးနှင့်နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ နှစ်သစ်ကူးအသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်များနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး မြသိန်းတန်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တသုန္ဒရ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ယင်းနောက် သံဃာတော်အရှင်သူမြတ်များက မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြပြီး စစ်တွေမြို့၊ ဒက္ခိဏာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တမေဃိယက အနုမောဒနာဂါထာဖတ်ကြား တော်မူသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး မြို့နယ်ဩဝါဒါစရိယ စစ်တွေမြို့၊ ပညာလင်္ကာရကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍတဆရာတော် ဘဒ္ဒန္တနာဂိန္ဒ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ယင်းနောက် ပြည်နယ်သာသနာရေးရုံးမှ ဦးသိန်းထွန်းက ပင့်ဖိတ်ထားသော နတ်ဗြဟ္မာများကို ပြန်လည်ပို့ဆောင်ပေးပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် နှစ်သစ်ကူးအသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအထိမ်းအမှတ်အဖြစ် ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)