ဒဂုံအရှေ့ ဇန်နဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဒဂုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားနှစ်ယောက်တွဲ၊ သုံးယောက်တွဲ၊ လေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဒဂုံတက္ကသိုလ် မိုးလုံလေလုံ အားကစားခန်းမ (၁) ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယပါမောက္ခချုပ် ဒေါက်တာစန်းစန်းလွင်က အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေးနှင့် အားကစားပေါင်းစပ်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ အရည်အသွေးကို မြှင့်တင်ပေးရန်၊ တက္ကသိုလ်ကျောင်းသားအချင်းချင်းချစ်ကြည်ရင်းနှီး၍ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် စစ်မှန်သောအားကစားစိတ်ဓာတ်ဖြင့် အားကစားကိုချစ်မြတ်နိုးတတ်စေရန်၊ ထူးချွန်သောဥာဏ်ရည်မြင့်မားသည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက်ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားအဓိဌာန်ရွတ်ဆို၍ ပြိုင်ပွဲကို ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယခုလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ဘာသာရပ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ