လှည်းကူး ဇန်နဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးချေးငွေဖြင့် နွေစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား သွင်းအားစုများပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက သနပ်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်က နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်ဖြစ်သော နိုင်ငံ့စီးပွားရေးအခြေအနေကောင်းများဖန်တီးနိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုသည့်မူဝါဒနှင့်အညီ တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်ဦးချင်းဝင်ငွေတိုးတက်စေရေးအတွက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေထူထောင်၍ လယ်ယာစိုက်ပျိုးသည့် တောင်သူများ အထွက်နှုန်းတိုးစေရေး၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မှီစေရေးအတွက် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း တောင်သူများအား ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်၊ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မြင့်မြင့်ဆွေနှင့် ဝန်ထမ်းများက သနပ်ပြင်ကျေးရွာရှိ နွေစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား သြဘာ(စင်္ကြာ)ယူရီးယားနှင့် ဩဘာ(၁၅ ပတ်လည်)ကွန်ပေါင်းဓာတ်မြေသြဇာသွင်းအားစုများကို တောင်သူများလက်ဝယ်အရောက်ပေးခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့ ( ပြန် / ဆက် )