ဘီးလင်းမြို့အ.ထ.က(တောင်စွန်း)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်းပြုလုပ်

ဘီးလင်း ဇန်နဝါရီ ၇

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အ.ထ.က(တောင်စွန်း)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က(တောင်စွန်းး) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်နီနီရှိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ခင်ချိုဝင်းက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချင်းချင်းအပြန်အလှန်ဆွေးနွေးတတ်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ အ.ထ.က(တောင်စွန်း)ကျောင်းမှ Grade-11 ကျောင်းသူမေမြတ်နိုးထွန်းက အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး Grade-11 ကျောင်းသား မောင်သန့်ဇင်၊ Grade-11 ကျောင်းသားမောင်ရဲထွဋ်၊ Grade-11 ကျောင်းသူမချစ်စနိုး Grade-11 ကျောင်းသား‌မောင်စွမ်းထက်အောင် Grade-11 ကျောင်းသားမောင်ထွန်းလင်းအောင်တို့က “ပညာတန်ဖိုးကြီးမားပုံ” ၊ “လူငယ်နဲ့ကိုယ်ကျင့်တရား” ၊ “ရည်မှန်းချက်မှသည် အောင်မြင်မှုပန်းတိုင်းဆီသို့” ၊ “လူငယ်နှင့်အစွဲအလမ်း” ၊ “လူ့အမှိုက်”စသည့် ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှု လေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးအခေါ်များကို ကျယ်ကျယ်ပြန့်ပြန့်ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သိမှတ်ဖွယ်ရာနံရံကပ်စာစောင်များကို လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)