ကျောက်ပန်းတောင်း ဇန်နဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးကာကွယ်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ အသိပညာပေးဟောပြောပွဲကို၊ ဇန်နဝါရီ(၇)ရက်နေ့ နံနက်(၉)နာရီက လေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်က အဖွင့်အမှာစကား ပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းက စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေများအကြောင်းနှင့် ဒေါ်နှင်းအိဝင်းက စားသောက် ကုန်များတွင် ပါဝင်သည့် ဆိုးဆေးများအန္တရာယ်အကြောင်း သိကောင်းစရာများကို ရှင်းလင်းဟောပြောကြသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က ကလေးအလုပ်သမား ပပျောက်ရေးအကြောင်း သိကောင်းစရာများနှင့် ဒုတိယဦးစီးမှူး ဒေါ်သဲဖြူက စာဖတ်ရှိန်မြှင့်တင်ရေး အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြပြီး၊ ကျောင်းသား ကျောင်းသူလေးများက မေးမြန်းသည်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။ ယင်းနောက် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသည့် ဈေးဆိုင်များတွင် ဆိုးဆေးပါ စားသောက်ကုန်များ၊ ရည်ညွှန်းကုန်အမှတ်တံဆိပ်မပါရှိသည့် စားသောက်ကုန်များ ရောင်းချခြင်း ရှိ/ မရှိနှင့် သန့်ရှင်းသပ်ရပ်မှု ရှိ/ မရှိတို့ကို ကျောင်းတာဝန်ရှိသူများနှင့်အတူ စစ်ဆေးကြည့်ရှု၍ ပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ လေးရွာအခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်နှင့် ဆရာ/ ဆရာမများ၊ Grade-8,9,10 မှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၇၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)