ကျောက်ဆည် ဇန်နဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ (၂) နာရီက လူထုအခြေပြုဗဟိုဌာနတွင် ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားသည့် “ဆရာကိုချစ်မှ စာကိုချစ်သည်” စာအုပ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား၊ ကျောင်းသူများအတွက် စာပေဖတ်ရှု့ လေ့လာရာတွင် ရရှိမည့်အကျိုးကျေးဇူးများ၊ ဗလငါးတန်ပြည့်စုံရေး သုတ၊ ရသစာအုပ်စာစောင်များကို ဖတ်ရှုစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အတွင်းရေးမှူး ဒေါ်ခင်ချို (သီတဂူ-ကျောက်ဆည်)က ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားသည့် “ဆရာကိုချစ်မှ စာကိုချစ်သည်” စာအုပ်မှ ဆရာ့တန်ဖိုး၊ သုံးဖက်မြင်ဆရာ၊ ဘဝဆိုတဲ့ကျောင်းမှာ ဆရာကောင်းကလည်း ကျောင်းသားပါပဲ၊ ဆရာဆိုတာကျောင်းသားများကို လူစင်စစ်ဖြစ်အောင် သင်ပေးနိုင်ရပါမယ်၊ ဆရာများ ညီညာဖို့ကပဓာနပါပဲ၊ သီကုံးပန်းတွင် နေ့တိုင်းဆင်လော့စသည့် အကြောင်းအရာများ ဆွေးနွေးခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ရသ စာအုပ်စာစောင်များနှင့် အရွယ်မရောက်သေးသောကလေးသူငယ်များ စစ်မှုထမ်းခြင်းမှကာကွယ်ခြင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး၊ ကလးအလုပ်သမားပပျောက်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)