မိုင်းခုတ် ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊မိုင်းလုံးကျေးရွာအုပ်စု၌ (၁၇) ကြိမ်မြောက် လားဟူရိုးရာနှစ်သစ်ကူးပွဲတော်အမှတ်တရ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျေးရွာအားကစားကွင်း ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကြပြီးနောက် မိုင်းလုံးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအိုက်လူက လားဟူနှစ်သစ်ကူးပွဲတော်ကာလဖြစ်သည့်အတွက် ကျေးရွာအုပ်စုအတွင်းရှိ ထူးချွန်အားကစားသမားလူငယ်များ ပေါ်ထွန်းလာစေရေးနှင့် လူငယ်အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေးအတွက် ကျင်းပရခြင်းဖြစ်ပြီး အားကစားသမားများအနေဖြင့် အနိုင်အရှုံးကို ပဓာနမထားဘဲ အားကစားစိတ်ဓာတ်၊ပျော်ပွဲရွှင်ပွဲအဖြစ် ယှဥ်ပြိုင်ကစားကြရန် အမှာစကားပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး တာဝန်ရှိသူတို့က ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားသည်။ ယင်းနောက် ပြိုင်ပွဲဝင်ကစားသမားများက ကွင်းအတွင်းမှ ထွက်ခွာကာ ဖွင့်ပွဲအနေဖြင့် နမ်ပိန်းလူငယ်အသင်းနှင့် မဟီကောင်လူငယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နမ်ပိန်းလူငယ်အသင်းမှ မဟီကောင်လူငယ်သင်းအား (၂)ဂိုး(၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ (၁၇) ကြိမ်မြောက် လားဟူရိုးရာနှစ်သစ်ကူးပွဲတော်အမှတ်တရ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း (၅) သင်းဖြင့် ဇန်နဝါရီလ (၇) ရက်နေ့မှ (၁၀) ရက်နေ့ထိကျေးရွာအားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။
သီတာအေး(ပြန်/ဆက်)