မိုးညှင်း ဇန်နဝါရီ ၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် (၂၀၂၄−၂၀၂၅) ပညာသင်နှစ် အမျိုးသားတံခွန်စိုက် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် တက္ကသိုလ်မိုးလုံလေလုံဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
အဆိုပါ အားကစားပြိုင်ပွဲကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအောင်ဇင်ဦးမှ ကူညီဆောင်ရွက်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်းပေါင်း(၈)သင်းတို့ ယှဥ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
ရှေးဦးစွာ တက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်က အဖွင့်အမှာစကားပြောကြားရာတွင် မိုးညှင်းတက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သည့် ကျောင်းသူ/ကျောင်းသားများကို ဗလငါးတန်နှင့်ပြည့်စုံစေသည့် လူငယ်လူတော်များ ဖြစ်စေချင်ကြောင်း၊ အားကစားစိတ်ဓာတ်အပြည့်အဝနှင့် စည်းကမ်းလိုက်နာပြီး ကစားကြရန်နှင့် ဘာသာရပ်ပြိုင်ပွဲမှတစ်ဆင့် တက္ကသိုလ်ပေါင်းစုံအဆင့်၊ နိုင်ငံတော်အဆင့်ပြိုင်ပွဲများအထိ ကစားနိုင်သည့် ထူးချွန်သည့် အားကစားသမားများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ကို ရွတ်ဆိုကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး အဖွင့်ပွဲစဥ်အဖြစ် ရူပဗေဒဘာသာရပ်အသင်းနှင့် သင်္ချာဘာသာရပ်အသင်းတို့ ယှဥ်ပြိုင်ကစားကြရာတွင် ရူပဗေဒဘာသာရပ်အသင်းမှ အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ကိုသောင်း(ပြန်/ဆက်)