မိုင်းယု ဇန်နဝါရီ ၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုဒေသတွင် တောင်သူများ စီးပွားဖြစ် စိုက်ပျိုးထားသည့် ဆောင်းသီးနှံဘိုစားပဲများ လှိုင်လှိုင်ပေါ်၍ ကုန်သည်များထံရောင်းချရာ တစ်ကီလို ကျပ် ၁၂၅၀ (တရုတ်ယွမ် ၂ ယွမ်)သာ ပေါက်ဈေးရှိပြီး ယခင်နှစ်ထက် ပေါက်ဈေးမှာ တစ်ကီလို ကျပ်တစ်ထောင်နီးပါး ကျဆင်းသွားခဲ့ရသည်။
“ဘိုစားပဲက စခူးနေတာဆိုတော့ စျေးက မနှစ်ကထက် နည်းနည်းဈေးကျတယ်၊ မနှစ်က တစ်ကီလိုဆို အဝယ်ကုန်သည်တွေက ၂၀၀၀ ကျပ်(တရုတ်ယွမ် ၃ ယွမ် ၂ ကျော့)နီးပါးပဲ ဈေးပေးတယ်။ အခုက ကျပ်တစ်ထောင်လောက်ကျတယ်။ တစ်ကီလို ကျပ် ၁၂၅၀ (တရုတ်ယွမ် ၂ ယွမ်)ပဲပေးကြတယ်။ တစ်ယွမ် နှစ်ကျော့လောက်ကျသွားတယ်။ အမြတ်သိပ်မရဘူး။ မိုင်းယုမှာဆို ဘိုစားပဲက တောင်သူတစ်ဦးဆို ဧကနည်းနည်းစီပဲ စိုက်ထားကြတာပါ” ဟူ၍ ဘိုးစားပဲစိုက်ပျိုးရောင်းချသည့် တောင်သူထံမှ သိရသည်။
မိုင်းယုမြို့တွင် တောင်သူများမှာ မိမိတို့၏ တောင်ယာမြေတို့တွင် ရော်ဘာ၊ ပြောင်း၊ ဖရုံ၊ ငရုတ်နှင့် ပဲအမျိုးမျိုးတို့ကို စီပွားဖြစ် အားထားစိုက်ပျိုးလျက်ရှိကြပြီး ထွက်ရှိလာသည့် သီးနှံများအား အကျိုးအမြတ်များစွာရရှိစေရန်အတွက် မိုင်းယုဒေသမှတဆင့် အခြားဒေသတို့ကို အများဆုံးတင်ပို့ရောင်းချလျက်ရှိကြကြောင်း သိရသည်။
ကိုကိုနိုင်