တံတားမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

တံတား ဇန်နဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေဝါသနာရှင်များနှင့် (Book Club) အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာအောင်ကိုဦး ရေးသားသည့် “လူငယ်တွေစဥ်းစားဖို့” စာအုပ်ဖြင့် ယနေ့နံနက် (၁၀) နာရီအချိန်က စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က အများပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန်မရှိသူများ အတွက် စာဖတ်ခွင့်မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတ အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက်ရည်ရွယ်၍ လစဉ်စာဖတ်ဝိုင်းများပြုလုပ်ရခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် (Book Club) အဖွဲ့ဝင် မောင်အောင်ကျော်ကျော်မှ “လူငယ်နှင့်ရွေးချယ်မှု”ခေါင်းစဥ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် လူတိုင်းသည်မွေးဖွားချိန်မှ သေဆုံးချိန်အထိ အသေးအဖွဲ့ကိစ္စများမှ ဘဝနှင့်သက်ဆိုင်သော ကိစ္စများအထိ နေ့စဥ်ရွေးချယ်မှု ပေါင်းများစွာနှင့် တွေ့ကြုံရကြောင်း၊ မိမိရွေးချယ်မှုအပေါ်မူတည်၍ အကောင်းအဆိုးများကို ခံစားရကြောင်း၊ လူငယ်များအတွက် ဘဝခရီးကိုလျှောက်လှမ်းရာ လမ်းတစ်လျှောက်တွင် ပညာရေး၊ အလုပ်အကိုင် ရွေးချယ်ခွင့်များနှင့်ပတ်သက်၍ မှန်ကန်သောရွေးချယ်မှုဖြစ်ရန်လိုအပ်ကြောင်း၊ အလုပ်ဟူသည် ဘဝနဲ့အတူ အမြဲတမ်းရှိနေမည်ဖြစ်သောကြောင့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားရန် ခံနိုင်ရည်မရှိပါက လမ်းပျောက်သွားတက်ကြောင်း၊ မိမိကိုယ်ကိုမှန်မှန်ကန်ကန် သုံးသပ်နိုင်ရန် အရေးကြီးကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ (Book Club) အဖွဲ့ဝင် မောင်စွမ်းရဲထက်က “ဗီဇနှင့်ပတ်ဝန်းကျင်” ခေါင်းစဥ်ဖြင့် ဆွေးနွေးရာတွင် လူတစ်ယောက်တိုးတက်အောင်မြင်ဖို့အတွက် ဗီဇနှင့်ပတ်ဝန်းကျင်မှာ အရေးကြီးဆုံးဖြစ်ကြောင်း၊ ကိုယ်ကြီးပြင်းရှင်သန်ရာ ပတ်ဝန်းကျင်က ကိုယ့်ကိုပြုပြင်သွားကြောင်း၊ လူတစ်ယောက်ဖွံ့ဖြိုးတိုးတက်ဖို့၊ ထူးချွန်အောင်မြင်ဖို့အတွက် ဗီဇလိုအပ်ကြောင်း၊ ဗီဇကောင်းမှပတ်ဝန်းကျင်၏ တိုက်ခတ်မှုကြောင့် ပြောင်းလဲမသွားနိုင်ကြောင်း၊ ဗီဇကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ပတ်ဝန်းကျင်ကောင်းကိုကိုယ်ကရွေးချယ်သင့်ကြောင်း ဆွေးနွေးပြောကြားရာ တက်ရောက်လာသော စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူလေးများမှ အတွေးအမြင်ဗဟုသုတများ အပြန်အလှန်ဖလှယ်ခဲ့ကြောင်း သိရသည်။

ပန်ဆုပြည့်(ပြန်/ဆက်)