မက်မန်းမြို့ အောင်သံလွင်ကျေးရွာ (အ.ထ.က)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေး လူငယ်စကားဝိုင်း ကျင်းပ

မက်မန်း ဇနန်ဝါရီ ၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ မက်မန်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မက်မန်းမြို့ အောင်သံလွင်ကျေးရွာ (အ.ထ.က)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါလူငယ်စကားဝိုင်းတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုက လူငယ်များသိသင့်သိတတ်သည့် အကြောင်းအရာများကို ရှင်းလင်းဟောပြောဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး Grade-12 မှ ကျောင်းသား၊ ကျောင်းသူလေးများဖြစ်သည့် မောင်ပေတလု၊ မနာမော့၊ မလူးဒီနှင့် မနာဟောတိတို့က "လူငယ်နှင့်စာအုပ်စာပေ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ခေါင်းဆောင်" စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးပေးခဲ့သည်။

ထို့နောက် လူငယ်ရေးရာအသိပညာပေး လူငယ်စကားဝိုင်းတွင် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုနှင့် အဖွဲ့ဝင်များက မက်မန်းခရိုင်ရုံးမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အေဇက်ထွန်း(မက်မန်း)