သထုံ ဇန်နဝါရီ ၇
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျန်းမာရေးဝန်ကြီးဌာန၏ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၊ ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းအစီအစဉ်အရ တီဘီရောဂါစစ်ဆေးရှာဖွေ ဖော်ထုတ်ခြင်းကို ယမန်နေ့နံနက်က သထုံခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦး ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် သိမ်ကုန်းရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတို့ရှိ ကျောင်းသားကျောင်းသူတို့အား တီဘီရောဂါသတိပြုကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ ရောဂါရှာဖွေစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ကျောင်းအခြေပြုတီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းအစီအစဉ်ဖြင့် ကျောင်းသားကျောင်းသူများအား တီဘီရောဂါစစ်ဆေးပေးခြင်းကို သထုံမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း(၂၂)ကျောင်း၊ အလယ်တန်းကျောင်း(၄၇)ကျောင်းနှင့် မူလတန်းကျောင်း(၁၁၄)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း(၁၈၃)ကျောင်းတို့၌ လိုက်လံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်