ကျိုက်ထိုမြို့ ပြည်သူ့ဈေးတွင် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်

ကျိုက်ထို ဇန်နဝါရီ ၇

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်နယ်မီးသတ်ဦးစီးမှူး လမ်းညွှန်မှုဖြင့် နွေရာသီမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ဖြစ်ပွားလာပါက မီးငြှိမ်းသတ်‌ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပဒုမ္မာလူမှုကူညီရေးအသင်းတို့ပူးပေါင်း၍ မီးလောင်ကျွမ်းမှုဖြစ်ပေါ်လာပါက အရေးပေါ်မီးငြှိမ်းသတ်နည်းနှင့် ရှာ‌ဖွေကယ်ဆယ်‌ရေး ဇာတ်တိုက်‌လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ကျိုက်ထိုမြို့စည်ပင်သာယာ‌‌ရေးအဖွဲ့ပိုင် ပြည်သူ့ဈေး၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသရုပ်ပြပွဲ၌ အသင့်ထားရှိသော အပေါ့စားမီးသတ်စက်များဖြင့် မီးငြှိမ်းသတ်ခြင်း မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးအရာရှိ ဦးဝေယံအောင်ဦးဆောင်သော မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ စည်ပင်သာယာ‌ရေးအဖွဲ့မှ ရေသယ်ယာဉ် (၁) စီး၊ ပဒုမ္မာ လူမှုကူညီရေးအသင်းမှ အရေးပေါ် ကယ်ဆယ်ရေးယာဉ် (၁) စီးတို့ဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ ဦးစီးအရာရှိ ဦးဝဏ္ဏအောင်နှင့် ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များ ပူးပေါင်းကာ မီးဘေးအန္တရာယ်ကင်းရှင်း‌ရေးနှင့် ကယ်ဆယ်ရေးအား သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။

အဆိုပါသရုပ်ပြပွဲသို့  ကျိုက်ထိုမြိုနယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအား‌ပေးပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)