နမ့်စန်မြို့တွင် (၄)ခရိုင် အမျိုးသား(အလွတ်တန်း)ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

နမ့်စန်() ဇန်နဝါရီ ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ပြုလုပ်သော (၄)ခရိုင် အမျိုးသား(အလွတ်တန်း) ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၂ နာရီက မြို့နယ်ကျောက်တိုင်အားကစားကွင်းအတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် ဖွင့်ပွဲတက်ရောက်လာကြသော အကြီးအကဲများက ပြိုင်ပွဲဝင်အသင်းများကို လိုက်လံတွေ့ဆုံ နှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲဝင်အသင်းများနှင့် ဘင်ခရာတပ်ဖွဲ့များက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုအလေးပြု၍ ကွင်အတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။

ဆက်လက်၍ ဖွင့်ပွဲ ပွဲစဉ်အဖြစ် လွိုင်လင်မြို့နယ် ဘောလုံးအသင်းနှင့် ပင်လုံမြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ တစ်ဖက် ၁ ဂိုးစီဖြင့် သရေကျခဲ့သည်။

အဆိုပါ (၄)ခရိုင်အမျိုးသား(အလွတ်တန်း)ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး နမ့်စန်ခရိုင်၊ လင်းခေးခရိုင်၊ လွိုင်လင်ခရိုင်နှင့် မိုင်းရှူးခရိုင်အတွင်းရှိ မြို့နယ်များမှ စုစုပေါင်း (၁၄)သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

သူရအောင်(နမ့်စန်)