လမ်းမတော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

လမ်းမတော် ဇန်နဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က လမ်းမတော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ကျော်က ဝန်ထမ်းများမိမိလုံခြုံရေး၊ ရုံးလုံခြုံရေးအထူးဂရုပြုဆောင်ရွက်ကြရန်၊ ပွင့်လင်းရာသီ ရောက်ရှိနေပြီဖြစ်၍ ရုံးတွင်းရုံးပြင်သန့်ရှင်းရေး၊ မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ကြရန်၊ မီးဘေးလုံခြုံရေးအထူးဂရုစိုက်ကြရန်၊ သဘာဝဘေးစီမံချက်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစီမံချက်များဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာများအချင်းချင်း ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စများအား ပူးပေါင်းဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့်