တာမွေမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

တာမွေ ဇန်နဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို၏စီစဉ်မှုဖြင့် ဇန်နဝါရီ (၄) ရက်နေ့ နံနက်ပိုင်းအချိန်က စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုခံယူနေသည့် မူးယစ်ဆေးဖြတ်သင်တန်းသားများအား “ထာဝစဉ်မမေ့အပ် ရာဇဝင်နေ့မြတ်” ခေါင်းစဉ်ဖြင့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲကို အဆိုပါအသင်းရုံး မေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာရေးဆရာမ တင်ထက်ထက်ဇော်(ခ)ပေါက်ပေါက်က “ထာဝစဉ်မမေ့အပ် ရာဇဝင်နေ့မြတ်” ခေါင်းစဉ်ဖြင့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများနှင့် လွတ်လပ်ခြင်း၏အနှစ်သာရကို လူငယ်လူရွယ်များသိရှိပြီး အာဇာနည်ခေါင်းဆောင်ကြီးများ၏ အသက်သွေးချွေးစတေးကာ ရယူပေးခဲ့သည့် လွတ်လပ်ရေးကို အစဉ်အမြဲ မြတ်နိုးတန်ဖိုးထားတတ်စေရန် စသည်ဖြင့် အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများမှ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့်ပတ်သက်၍ သိရှိလိုသည်များကို မေမြန်းခဲ့ကြရာ စာရေးဆရာမပေါက်ပေါက်က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

“အဓိကက ဒီမူးယစ်ဆေးဖြတ်သင်တန်းသားတွေကို သူတို့ရဲ့မိသားစုအတွက်သာမကပဲ တိုင်းပြည်အတွက်ပါ လူပိုကြီးတစ်ယောက်မဖြစ်အောင် လာရောက်ဟောပြောရခြင်းဖြစ်ပါတယ်။ အခုဆို ဒါသူတို့ရဲ့အတ္တတွေကြောင့် ယခုလိုကုထုံးတွေခံယူရတော့ သူတို့ရဲ့တစ်ကိုယ်ရေအတွက်ပဲ ရုန်းကန်ရတုန်းရှိသေးတယ်။ ယခုလက်ရှိအချိန်မှာ တိုင်းပြည်အတွက် မပြောနဲ့ဦး။ ဒီမူးယစ်သားကောင်ဘဝက ကျွတ်ဖို့လိုသေးတယ်။ ပြီးရင် ကိုယ့်ရဲ့စားဝတ်နေရေး ဘယ်လို လုပ်ဦးမလဲ။ မိသားစုကိုရော ဘယ်လိုထောက်ပံ့ပေးမလဲဆိုတာမျိုးတွေ စသည်ဖြင့် အများကြီး တာဝန်တွေရှိသေးတယ်။ နောက်ဆုံး သူတို့အနေနဲ့ မိသားစုနဲ့ တိုင်းပြည်အပေါ်မှာ အသိတရားလေးတွေရရှိလာစေဖို့ အဓိကဟောပြောပေးသွားမှာ ဖြစ်ပါတယ်” ဟု စာရေးဆရာမပေါက်ပေါက်ကပြောသည်။

အဆိုပါ အခမ်းအနားသို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများ၊ မေတ္တာစံအိမ်ရှိ မူးယစ်ဆေးဖြတ်သင်တန်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုအနေဖြင့် မူးယစ်ဆေးစွဲလူနာများအား ရှာဖွေဖော်ထုတ်ခြင်း၊ ဆိုရှယ်မီဒီယာမှဆက်သွယ်လာသည့် မူးယစ်ဆေးစွဲလူနာများအား ဆေးရုံသို့လွှဲပြောင်းညွှန်းပို့၍ ဆေးဖြတ်ပေးခြင်း၊ ဆေးရုံမှ ပြန်ဆင်းလာသည့်အခါ ပြန်လည်ထူထောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် ပြန်လည်ထူထောင်မှု ခံယူပြီးသည့် မူးယစ်ဆေးဖြတ်သင်တန်းသားများအား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းတို့ကို (၂၄)နာရီ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင် (ပြန်/ဆက်)