မဟာအောင်မြေမြို့နယ်၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ

မဟာအောင်မြေ ဇန်နဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမ၌ ယနေ့နံနက် ၉ နာရီက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ရှေးဦးစွာ မဟာအောင်မြေမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းကို သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) ဦးထွန်းထွန်းဝင်း(အဖွဲ့ဝင်-၂) က အမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးထွန်းထွန်းဝင်း (အဖွဲ့ဝင်-၂) နှင့်ဌာနတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဦးလှမြင့်နှင့်ကျောင်းအုပ်ကြီးများက ထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းကို သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း