မောက်မယ် ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဝင်ကျေးရွာအုပ်စု၊ တင်ကုန်းကျေးရွာအခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများတက်ရောက်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်အေးမြင့်ခိုင်က ပညာရေးဆိုင်ရာကိစ္စရပ်များအား အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခြေခံပညာမူလတန်းကျောင်း(တင်ကုန်း) ကျောင်းအုပ်ဆရာကြီး ဦးခွန်ချစ်လယ်က ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းပညာရေးသာမက အခြားဘက်စုံ ထူးချွန်ရေးတို့အတွက် မိဘ/ဆရာ/ကျောင်းသားတို့မှ ဆက်လက်ကြိုးစားဆောင်ရွက်သွားရမည်ဖြစ် ပါကြောင်း၊ မိမိကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ကျောင်းသား/ကျောင်းသူများဘက်စုံ ပညာထူးချွန်ရေးတို့အတွက် မိမိတို့ကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများမှ ပူးပေါင်းဆောင်ရွက်ရေး၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးကြသော ကျောင်းသားမိဘအလှူရှင်များအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ကာယဉာဏထူးချွန်ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူလေးများက တေးသရုပ်ဖော် တိုင်းရင်းသားရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)