မိတ္ထီလာ ဇန်နဝါရီ ၆
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်ရာ တာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းတွင် ဈေးရုံများအား မီးငြှိမ်းသတ်ရေးယာဉ်များမှ မီးသတ်ရေပိုက်များ အသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူးဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်းများကို မြို့နယ်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးကြီးအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဈေးသူဈေးသားများက စုပေါင်းဆောင်ရွက်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးထက်ဇော်၊ ဈေးအရာရှိနှင့် ဈေးအကျိုးဆောင်ကော်မတီဝင်များက ကြည့်ရှု့အားပေးခဲ့သည်။ ထိုနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအဖွဲ့သည် မြို့မဈေးကြီး၊ ဗဟိုဈေးနှင့် ပိတောက်မြိုင်ဈေးတို့အတွင်းရှိ မီးသတ်ရေစက်ရုံများ၊ မီးသတ်ရေငုတ်များ၊ မီးသတ် ရေလှောင်ကန်များတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
ချမ်းသာ