ကျိုက်မရောမြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲများဖြင့် ရပ်ကွက်များ၌ စည်ကားလျက်ရှိ

ကျိုက်မရော ဇန်နဝါရီ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၅ ခုနှစ် (၇၇) နှစ်​မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျေးရွာ/ရပ်ကွက်များ အသီးသီး၌ပျော်ပွဲရွင်ပွဲများ အားကစားနည်းမျိုးစုံဖြင့် လူကြီးများ၊ လူငယ်များ၊ ကလေးများပါမကျန် ပျော်ရွှင်စွာ အားကစားပြိုင်ပွဲများ ပြုလုပ်ကာ လွတ်လပ်ရေးနေ့အမှတ်တရ ပျော်ပွဲရွှင်ပွဲများကို ကျင်းပပေးလျက်ရှိကြသည်။

ထိုကဲ့ သို့ အားကစားနည်းမျိုးစုံဖြင့် ပြိုင်ပွဲများကို လူငယ်များ ဦးဆောင်ကာ ကျင်းပလျက်ရှိရာ အောင်သုခရပ်ကွက်ရှိ မြန်မာ့ရိုးရာ အားကစားနည်းများဖြစ်သော ချောတိုင်တက်ပွဲ၊ အမျိုးသား၊ အမျိုးသမီးလွန်ဆွဲပွဲ၊ စကောရွက်ပြိုင်ပွဲများ၌ လာရောက်ပါဝင်ကစားကြသူများဖြင့် အထူးစည်ကားသာယာလျက်ရှိပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို ရပ်ကွက်အတွင်းမှ စေတနာရှင်အလှူရှင်များက ဆုငွေများချီးမြှင့်ခြင်း၊ အချိုရည်အအေးများ ဝေငှခြင်း၊ ကြက်သားဆန်ပြုတ်များ ထမနဲများဖြင့် ကျွေးမွေးလျက်ရှိရာ ပျော်ပွဲရွှင်ပွဲများ၌ လာရောက်ကစားသူများဖြင့် စည်ကားသာယာနေသည်မှာ မြန်မာလူမျိုးတို့၏ မြန်မာ့လွတ်လပ်ရေးနေ့ကို တန်ဖိုးထားမြတ်နိုးသူများအဖြစ် တွေ့ရှိရပြီး ပြည်သူအချင်းချင်း ချစ်ခင်ရင်းနှီးစေခြင်း၊ လူငယ်များအတွက် အားကစားကို အလေးထားမြတ်နိုးတတ်စေပြီး နိုင်ငံ၏ အလေးအမြတ်ထားရာ နေ့ထူး နေ့မြတ်ဖြစ်သည့် လွတ်လပ်ရေးနေ့ကို ပိုမိုတန်ဖိုးထားမမေ့ကြစေရန်အတွက် ယခုလို ပျော်ပွဲရွင်ပွဲများကို အစဥ်အလာမပျက်ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း အားကစားနှင့် ပျော်ပွဲရွှင်ပွဲများကို နှစ်စဥ်ကျင်းပပေးနေသည့် ဦးအောင်လင်းမြိုင်ထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး